International News

နိုင်ငံတကာ ခရီးသွားလုပ်ငန်း ယခုနှစ်တွင် (၈၀) ရာခိုင်နှုန်း ကျဆင်းနိုင်

Last Updated:

နိုင်ငံတကာခရီးသွားလာမှုများ ပြန်လည်ဖွင့်လှစ်မှုအပေါ်မူတည်၍ ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံတကာခရီးသွားအရေအတွက်မှာ (၆၀) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်း ကျဆင်းနိုင်မည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ World Tourism Organization(UNWTO) က ကြေညာခဲ့ကြောင်း၊ UNWTO အနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း မတ်လအတွင်းက ခန့်မှန်းခဲ့ရာ ယခုခန့်မှန်းချက်နှင့် သိသိသာသာခြားနားမှုရှိကြောင်း၊ လက်ရှိ နိုင်ငံတကာ ခရီးသွားလုပ်ငန်း၏ အကျပ်အတည်းမှာ  မှတ်တမ်းများစတင်ခဲ့သည့် ၁၉၅၀ ခုနှစ်ကတည်းက အဆိုးရွားဆုံးတစ်ခုဖြစ်သည်ဟု UNWTO က ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

နိုင်ငံအများအပြား၌ အသွားအလာကန့်သတ်မှုများ ဆောင်ရွက်ခဲ့သဖြင့် ယခုနှစ်၏ ပထမသုံးလပတ်တွင် နိုင်ငံတကာခရီးသွားအရေအတွက်မှာ (၂၂)ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး၊ မတ်လအတွင်း (၅၇) ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု UNWTO အရသိရှိရကြောင်း၊ ယင်းသို့ ကျဆင်းမှုနှင့်အတူ ယခုနှစ်၏ ပထမသုံးလပတ်အတွင်း ခရီးသွား လုပ်ငန်းကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၈၀) ဘီလီယံ ဆုံးရှုံးခဲ့ပြီး၊ တစ်နှစ်လုံးအတွက် ဘဏ္ဍာရေးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ (၉၁၀) ဘီလီယံမှ (၁၂၀၀) ဘီလီယံအထိရှိနိုင်ကြောင်း၊ ကမ္ဘာ့ဒေသအသီးသီးတွင် ခရီးသွားလုပ်ငန်းကျဆင်းမှု၏ ရိုက်ခတ်မှုများ ကွဲပြားမှုရှိနိုင်ပြီး၊ အာရှနှင့်ပစိဖိတ်ဒေသမှာ ပထမဦးစွာ ပြန်လည် နိုးထနိုင်မည်ဟု မျှော်လင့်ထားကြောင်း UNWTO က ပြောကြားခဲ့ပါသည်။

UNWTO ၏ နိုင်ငံတကာခရီးသွားကဏ္ဍအပေါ် ခန့်မှန်းချက်အသစ်မှာ ဖြစ်တန်စွမ်းအခြေအနေ (၃)ခုအပေါ် အခြေခံ၍ခန်မှန်းထားခြင်းဖြစ်ပြီး၊ ဇူလိုင်လ အစောပိုင်း ကာလတွင် နိုင်ငံတကာ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ဖွင့်လှစ်ခဲ့ပါက (-၅၈)ရာခိုင်နှုန်း၊ စက်တင်ဘာလအစောပိုင်းတွင် ဖြေလျှော့ခဲ့ပါက (-၇၀) ရာခိုင်နှုန်းနှင့် ဒီဇင်ဘာလအစောပိုင်းမှ ဖြေလျှော့ခဲ့လျှင် (-၇၈)ရာခိုင်နှုန်း ရှိနိုင်ခြင်းဖြစ်ကြောင်း၊ ခရီးသွားလာမှုများ ကျဆင်းခြင်းကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ၌ တိုက်ရိုက်အလုပ် အကိုင်အရေအတွက် သန်း (၁၀၀) မှ (၁၂၀) ခန့်အထိ ဆုံးရှုံးနိုင်ချေရှိနေကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နောက်ဆုံး သုံးလပတ်တွင်      ကမ္ဘာခရီးသွား လုပ်ငန်းပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများကို မြင်တွေ့နိုင်ရန် အများစုက မျှော်လင့်ထားသော်လည်း ၂၀၂၁ ခုနှစ်တွင်မှ အများအပြား ပြန်လည်နာလန်ထူနိုင် မည်ဟု UNWTO ကပြောကြားထားပြီး၊ နိုင်ငံတကာ ခရီးသွားထက် ပြည်တွင်းခရီးသွားလာမှုများ၌ ပို၍ မြန်မြန်ဆန်ဆန် ကောင်းမွန်လာနိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးသွားလာမှုများထက် အားလပ်ရက် ခရီးသွားလာခြင်းများ အထူးသဖြင့် မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေမျိုးများထံ အလည်အပတ် သွားလာခြင်းတို့တွင် ပို၍ မြန်ဆန်စွာ ကောင်းမွန်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်းဒေသများတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ခရီးသွား လုပ်ငန်းပြန်လည်ကောင်းမွန်လာနိုင်မည့် အခြေအနေကို ကျွမ်းကျင်သူအများစုက ခန့်မှန်းထားကြကြောင်း၊ အမေရိကဒေသအား ၂၀၂၀ ပြည့်နှစ်အတွင်း ခရီးသွား လုပ်ငန်းပြန်လည်ကောင်းမွန်မည့် အလားအလာအနည်းဆုံးအဖြစ် ကျွမ်းကျင်သူအများစုက ယူဆထားကြကြောင်း၊ ဥရောပနှင့်အာရှဒေသတို့အတွက် ခန့်မှန့်ချက် များတွင် ကျွမ်းကျင်သူများ၏ ထက်ဝက်ခန့်က ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏ ၇-၅-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

Category: International News